Advertisement

မိတ်ကပ်ဆရာ အရွေးမှန်မှ သတို့သမီးလောင်းလေးတို့ အလှဆုံး သတို့သမီးလေး ဖြစ်မှာ ဖြစ်သလို ဓါတ်ပုံတွေ ပြန်ကြည့်ရင်လည်း စိတ်ကျေနပ်မှု ရရှိမှာပါ။

သတို့သမီးလောင်းလေးတို့ရေ ခုခေတ်မှာ မိတ်ကပ်ဆရာတွေ ရွေးချယ်ရတာက မလွယ်ပါဘူးနော်။ မိတ်ကပ်ဆရာ အရွေးမှန်မှ သတို့သမီးလောင်းလေးတို့ အလှဆုံး သတို့သမီးလေး ဖြစ်မှာ ဖြစ်သလို ဓါတ်ပုံတွေ ပြန်ကြည့်ရင်လည်း စိတ်ကျေနပ်မှု ရရှိမှာပါ။ ဒီတော့ သတို့သမီးလေးတို့ မိတ်ကပ်ဆရာကို အကောင်းဆုံး ဖြစ်အောင် ရွေးချယ်ရပါမယ်။

ဆံပင်က ကိုယ်တိုင်ပြင်ပေးမှာလား (photo:Easy Weddings)

စရံမချမီ

သတို့သမီးလောင်းလေးတို့ရေ အလုပ်အပ်ပြီးဆိုရင် စရံချရတာကတော့ ထုံးစံပါပဲနော်။ စရံချပြီးပြီဆိုရင်လည်း တဝက်ကတော့ သေချာနေပါပြီ။ သတို့သမီးလေးတွေ တော်တော်များများ ကြိုက်ပြီဆိုပြီး စရံချပြီးမှ နောက်ကျ သိပ်မကြိုက်တော့ဘူး စရံကလည်း ပေးပြီးသားမို့ ပြင်လိုက်ရတယ်။ ဒါမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ပြီဆိုရင်လည်း မင်္ဂလာပွဲပြီးတဲ့အထိတောင် ရင်ထဲ သိပ်မကောင်းဘူး ဖြစ်နေတတ်တာကြောင့်ပါ။ စရံမချမီမှာ သေချာလေး စဉ်းစားရွေးချယ်ဖို့ လိုပါတယ်။

စရံမပေးမီမှာ မေးမြန်းရမယ့် အချက်နှစ်ချက်ရှိပါတယ်။ အဲဒါကတော့ ကိုယ့်ဘာသာကိုယ် ပြန်မေးဖို့နဲ့ မိတ်ကပ်ဆရာကို မေးရမယ့် အချက်တွေပါပဲ။ 

ကိုယ်ကြိုက်တဲ့ပုံစံ ပြင်ပေးနိုင်တဲ့သူလား(photo:Easy Weddings)

ကိုယ့်ကိုယ်ကို ပြန်ပေးရမယ့် အချက်တွေ

ကိုယ်က ပွဲနေ့ မိတ်ကပ်ကို ဘယ်လိုပုံစံလေး လိမ်းချင်သလဲဆိုတာ သေချာသိဖို့ လိုပါတယ်။ သတို့သမီလောင်းလေးတို့ နန်းဆန်ဆန်လေးလိုချင်လား၊ မိတ်ကပ်ပါးပါးလေး ကြိုက်လား၊ Glow ပုံစံလေး ပြင်ချင်တာလား၊ ရုပ်ပြောင်းသွားတဲ့အထိ ပြင်ချင်တာလား၊ ဒီလိုမျိုးတွေ သိသင့်ပါတယ်။ ဆံပင်ပုံစံဆိုရင်လည်း ခေတ်မီမီ fancy ပုံစံလေးတွေ ထုံးချင်လား၊ မြန်မာ့ဆံထုံးကို လုံးဝသေသပ်အောင် ထုံးချင်လား သေချာအောင် ပြန်မေးပါ။

ကိုယ်လိုချင်တဲ့ မိတ်ကပ်နဲ့ ဆံပင်ပုံစံကို သိရပြီဆိုမှ မိတ်ကပ်ဆရာကို စတင် စုံစမ်းပါ။ ကိုယ်လိုချင်တဲ့ ပုံစံကို ပြင်ပေးနိုင်တဲ့ အားသာချက်ရှိတဲ့ မိတ်ကပ်ဆရာကို တွေ့မှသာ စရံချပါ။ မိတ်ကပ်ဆရာတော်တော်များများက သူတို့ရဲ့ Account တွေမှာ ပြင်ပြီးသား သတို့သမီးပုံလေးတွေကို တင်လေ့ရှိကြပါတယ်။ များများ ကြည့်ပါ။ ကိုယ်လိုချင်တဲ့ ပုံစံကို ပြင်ပေးနိုင်တဲ့ မိတ်ကပ်ဆရာတွေကို စာရင်းပြုစုပြီး အကောင်းဆုံးကိုသာ စရံချပါနော်။

မိတ်ကပ်ဆရာကို မေးရမယ့် အချက်တွေ

ဘယ်တော့ အစမ်းလိမ်းပေးမလဲ

မိတ်ကပ်ဆရာကို စရံမချမီ ဘာတွေမေးရမလဲဆိုတော့ ကိုယ်လိုချင်တဲ့ ပွဲရက် ရမရ အဓိက မေးဖို့ လိုပါတယ်။ ပွဲရက်ရတယ်ဆိုမှ ဝန်ဆောင်ခ ဘယ်လောက်လဲ မေးရမှာပါ။ မိတ်ကပ်ဆရာကို စရံမချမီ မေးရမယ့်အချက်တွေကတော့ အစမ်းပြင်ပေးမလား၊ အစမ်းပြင်ခ သပ်သပ် ထပ်ပေးဖို့ လိုလား၊ ဆံထုံးကရော ကိုယ်တိုင်ထုံးပေးမှာလား၊ တပည့်ထုံးပေးမှာလား၊ အရံတွေအတွက် ဝန်ဆောင်မှုရော ရှိလား၊ မင်္ဂလာပွဲနဲ့ ဘယ်လောက်ခွာပြီး အစမ်းပြင်ပေးမလဲ ဒါတွေ အကုန်လုံးမေးပါ။ ဆံထုံးအတွက် ပန်းပန်ဖို့ရော တစ်ခါတည်း ပါပြီးသားလား၊ Accessories ကရော ငှားပေးမလား၊ ဒါမျိုးတွေ အကုန်မေးပါ။ အရေးကြီးဆုံး အချက်တစ်ချက်ကတော့ မင်္ဂလာပွဲနေ့မှာ ကိုယ့်ဆီ ဘယ်လောက်စောစော လာမလဲဆိုတာပါပဲနော်။ ဒီအချက်က အရမ်းကို အရေးကြီးပါတယ်။ ဒါတွေ အကုန်လုံး အဆင်ပြေမှသာ စရံချပါနော်။

ရက်ချိန်း

သတို့သမီးလောင်းလေးတို့ရေ မိတ်ကပ်ဆရာတွေ ချိတ်မယ်ဆိုရင် အနည်းဆုံး(၆) လ၊ တစ်နှစ်လောက် ကြိုချိတ်ပါနော်။ အစမ်းပြင်တာကိုလည်း ပွဲနဲ့ အရမ်း မကပ်ပါစေနဲ့။ ဒါမှ အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေတာတွေ ရှိတဲ့အခါ နောက်ထပ် plan b ဆက်ပြီး စီစဉ်နိုင်အောင်လို့ပါ။

သတို့သမီးလောင်းလေးတို့ရေ မိတ်ကပ်ဆရာကို စရံမချမီ အပေါ်မှာ ပြောပြခဲ့တဲ့ အချက် (၂) ချက်ကို ပြန်လည်ဆန်းစစ်ကြည့်ပါ။ နှစ်ခုလုံး အဆင်ပြေမှသာ စရံချပါနော်။

Comments

0 comments