Advertisement

ထိုင်မသိမ်းနဲ့ မင်္ဂဆောင်မယ်လို့ တွေးထားရင်တော့ အရွေးမမှားဖို့နဲ့ လှဖို့ အရမ်းအရေးကြီးပါတယ်

သတို့သမီးလေးတို့ရေ မင်္ဂလာဝတ်စုံ လှလှလေးတွေ ရွေးပြီးကြပြီလား။ သတို့သမီးလေးတွေအနေနဲ့ မင်္ဂလာဆောင်ဝတ်စုံ ရွေးချယ်စရာတွေ များမှများပါပဲ။ အရောင်၊ ဒီဇိုင်း၊ အနောက်တိုင်းဝတ်စုံလား၊ မြန်မာဆန်ဆန်ဝတ်စုံလား အစရှိသလိုတွေ ရွေးစရာ များပါတယ်။ ဝတ်စုံရွေးတဲ့အခါမှာ ထိုင်မသိမ်းနဲ့ မင်္ဂဆောင်မယ်လို့ တွေးထားရင်တော့ အရွေးမမှားဖို့နဲ့ လှဖို့ အရမ်းအရေးကြီးပါတယ်။ ထိုင်မသိမ်းရွေးမယ့် သတို့သမီးလေးတွေ အဆင်ပြေစေဖို့ Marry က အကြံဥာဏ်လေးတွေ မျှဝေပေးလိုက်ပါတယ်နော်။

ထိုင်မသိမ်း ဝတ်စုံ ရွေးတဲ့အခါမှ အသစ်ချုပ်ပြီးသားကို ငှားတာ၊ ပွဲထွက်ပြီးသားကို ငှားတာနဲ့ အသစ်ချုပ်တာဆိုပြီး ရှိပါတယ်

ထိုင်မသိမ်းအမျိုးအစား

ထိုင်မသိမ်းကတော့ သတို့သမီးလေးတို့ ဒီဇိုင်းထွင်ရင် ထွင်သလို အကုန်အကျများပါတယ်။ ဒီတော့ သတို့သမီးတို့ ဝတ်စုံကုန်ကျစရိတ် ဘယ်လောက်သုံးမယ်ဆိုတဲ့ ပမာဏအတိုင်း စီစဉ်ရမှာပါ။ ထိုင်မသိမ်း ဝတ်စုံ ရွေးတဲ့အခါမှ အသစ်ချုပ်ပြီးသားကို ငှားတာ၊ ပွဲထွက်ပြီးသားကို ငှားတာနဲ့ အသစ်ချုပ်တာဆိုပြီး ရှိပါတယ်။ ကိုယ်သုံးမယ့် ငွေပမာဏပေါ်မူတည်ပြီး ရွေးချယ်ပါ။ တကယ်လို့ ကိုယ်က လုံးဝအသစ်ဝတ်ချင်တယ်၊ ဝတ်စုံမသိမ်းထားဘူးဆိုရင်တော့ အသစ်ချုပ်ပြီး ငှားတာကိုသာ ရွေးချယ်ပါ။ အသစ်ချုပ်ပြီးခါမှ မကြိုက်တာတွေ ဖြစ်လာမှာစိုးတယ်ဆိုရင်တော့ ချုပ်ပြီးသားတွေထဲက စိတ်ကြိုက်ရွေးပြီး ငှားဝတ်တာက ပိုအဆင်ပြေပါတယ်။

ကိုယ်နဲ့ လိုက်ဖက်တဲ့ ထိုင်မသိမ်းကို ချုပ်ပေးတဲ့သူနဲ့လည်း သေချာလေး တိုင်ပင်ပြီးချုပ်လို့ ရပါတယ်

ကိုယ်နဲ့ လိုက်တဲ့ ထိုင်မသိမ်းဝတ်စုံရွေးခြင်း

ထိုင်မသိမ်းဆိုတာက ပုံမှန်ဝတ်နေကျ ဝတ်စုံတွေလို မဟုတ်ပါဘူး။ ဒီတော့ ကိုယ်နဲ့ လိုက်မလိုက်ဆိုတာ သေချာလေး ရွေးနိုင်မှ လှမှာပါ။ သတို့သမီးလေးတို့ ခန္ဓာကိုယ်လေးက ပိန်ပိန်ပါးပါးလေးဆိုရင် ချိတ်တွေကို အစိပ်သေးတာ၊ အလယ်အလတ်လောက်လေး ဖြစ်တာလောက် ဝတ်ပါ။ အကယ်လို့ သတို့သမီးလေးက အရပ်အရမ်းမရှည်ဘူးဆိုရင်တော့ ဒေါင်လိုက်အစင်းလေးတွေ ဝတ်တာက ပိုလှစေပါတယ်။ ထိုင်မသိမ်းချုပ်တဲ့အခါ ပုံမှန်ဆိုရင်တော့ ချိတ်ကို သတို့သမီးတို့ ကိုယ်တိုင်ဝယ်ပေးရပါတယ်။

ကိုယ်က ဝတ်ဖို့ အဆင်မပြေဘူးဆိုရင် ဆိုင်မှာပဲ အရောင်နဲ့ လိုချင်တဲ့ ချိတ်ပုံစံကိုပြောပြီး ယက်ခိုင်းပါ။ ပြီးတော့ ဘယ်လိုအရာတွေနဲ့ ဒီဇိုင်းဆင်မလဲဆိုတာလည်း အရေးကြီးပါတယ်။ ကျောက်တွေ ပြည့်နေအောင် ထိုးထားတဲ့ ထိုင်မသိမ်းက ခန္ဓာကိုယ်ကို ပြည့်စေသယောင် ဖြစ်စေတာမို့ ခန္ဓာကိုယ်ပြည့်တဲ့ သတို့သမီးလေးတွေ သိထားဖို့ လိုပါတယ်။ ကိုယ်နဲ့ လိုက်ဖက်တဲ့ ထိုင်မသိမ်းကို ချုပ်ပေးတဲ့သူနဲ့လည်း သေချာလေး တိုင်ပင်ပြီးချုပ်လို့ ရပါတယ်။

သတို့သမီးတို့ရေ ထိုင်မသိမ်းရွေးတဲ့အခါမှာ ပခုံးထက်မှာထားမယ့် ပဝါကိုပါ တစ်ခါတည်း ရွေးရမှာပါ။ တချို့က ပဝါကို ထိုင်မသိမ်းမှာ စပ်ထားတဲ့ အရောင်ကို ရွေးချယ်ပြီး ပဝါချုပ်ပါတယ်။ အနောက်ဘက်မှာ ဖြာကျနေတဲ့ ပဝါဒီဇိုင်းဆိုရင် ပွဲထွက်တဲ့အခါမှာ အရမ်းလှပါတယ်။ ဒီပဝါကိုလည်း ဒီဇိုင်နာနဲ့ တိုင်ပင်ပြီး ချုပ်ပါ။ တကယ်လို့ သတို့သမီးလေးတို့ ထိုင်မသိမ်းငှားမယ်ဆိုရင် ဝတ်ကြည့်ဖို့ လုံးဝအားမနာနဲ့နော်။ စိတ်ကြိုက် စမ်းပြီး ဝတ်မှသာ တကယ့်ပွဲနေ့မှာ အလှဆုံးဖြစ်နေမှာပါ။

Photo Credit :  Mogok Pauk Pauk

 

Comments

0 comments