မင်္ဂလာပွဲနေ့မှာ မိတ်ကပ်ကြာကြာခံဖို့ ကြိုတင်ထိန်းသိမ်းထားရမယ့် အသားအရေ

by: Phyo Pyae Thu
 0 comments  0 love

မင်္ဂလာပွဲနေ့မှာ အဆီတဝင်းဝင်း ဖြစ်နေပြီး မိတ်ကပ်ကြာကြာ မခံမှာကို စိတ်ပူနေလား။ ဒါဆိုရင်တော့ အသားအရေကြိုတင်ပြီး ထိန်းသိမ်းထားဖို့ လိုပါတယ်။

သတို့သမီးလောင်းလေးတို့ရေ မင်္ဂလာပွဲနေ့မှာ အဆီတဝင်းဝင်း ဖြစ်နေပြီး မိတ်ကပ်ကြာကြာ မခံမှာကို စိတ်ပူနေလား။ ဒါဆိုရင်တော့ အသားအရေကြိုတင်ပြီး ထိန်းသိမ်းထားဖို့ လိုပါတယ်။ မိတ်ကပ် ကြာကြာ မခံတာ၊ အဆီတဝင်းဝင်းနဲ့ ဟိုနားတကွက်၊ ဒီနားတကွက် ကွက်ပြီး ပျက်တာတွေ ဖြစ်တယ်ဆိုရင်တော့ ဒါဟာ အသားအရေ မကောင်းတာကြောင့်ပါ။ သတို့သမီးလောင်းလေးတို့အနေနဲ့ မိတ်ကပ်ဆရာက အလှဆုံး ပြင်ပေးလိုက်တဲ့ မိတ်ကပ်လေး ကိုယ့်မျက်နှာပေါ်မှာ ကြာကြာရှည်ရှည် ရှိနေစေချင်တယ်ဆိုရင်တော့ မင်္ဂလာဆောင်မယ်လို့ စပြီး စီစဉ်ကတည်းက အသားအရေ ကြိုတင်ထိန်းသိမ်းရပါမယ်။ ဘယ်လိုနည်းတွေနဲ့ ထိန်းသိမ်းထားရမလဲဆိုတာ Marry က သတို့သမီးလောင်းလေးတို့ ဖတ်ကြည့်ပါဦးနော်။

မင်္ဂလာဆောင်မယ်လို့ စပြီး စီစဉ်ကတည်းက အသားအရေ ကြိုတင်ထိန်းသိမ်းရပါမယ် (Photo: Glossible)

Skin အမျိုးအစား သိပါစေ

သတို့သမီးလောင်းလေးတို့ရေ ကိုယ့်ရဲ့ အသားအရေ အမျိုးအစားကို သိပါစေ။ အဆီပြန်တတ်လား၊ ခြောက်သွေ့တတ်လား အစရှိသဖြင့်ပေါ့။ ခုက skin scanner လေးတွေ ရှိနေပြီး သက်သာတဲ့ ဈေးနှုန်းနဲ့လည်း စစ်ကြည့်လို့ ရပါတယ်။ ဒါဆိုရင်တော့ ကိုယ့်အသားအရေ အမျိုးအစားကို သိရှိနိုင်ပြီး ဘယ်လိုနည်းနဲ့ အသားအရေ ထိန်းသိမ်းမှုတွေ လုပ်ဆောင်လို့ ရမလဲဆိုတာ သိနိုင်မှာပါ။

အလောမကြီးပါနဲ့

သတို့သမီးလောင်းလေးအနေနဲ့ ချက်ချင်းကြီးတော့ ဟပ်ချလောင်းဆိုပြီး အသားအရေ မကောင်းလာနိုင်ပါဘူးနော်။ အလောကြီးပြီး ဆေးထိုးတာမျိုး၊ဆရာဝန် မညွှန်ကြားထားတဲ့ ဆေးတွေ သောက်တာမျိုး မလုပ်လိုက်ပါနဲ့နော်။ ဖြည်းဖြည်းချင်း လုပ်ဆောင်ရမှာပါ။ ရေသောက်ဆိုလို့ တစ်ပတ်လောက်တော့ ရေတွေ တောက်လျှောက်သောက်ပြီး နောက်ကျ ဆက်မသောက်တော့တာမျိုးဆိုရင်လည်း အသားအရေ မကောင်းနိုင်ပါဘူး။ ဆိုလိုတာက ဖြည်းဖြည်းချင်း ကြိုးစားပြီး လုပ်ဆောင်ရမှာပါ။

သူများညွှန်းတိုင်း မသုံးပါနဲ့(photo: www.self.com)

စိတ်ညစ်မခံပါနဲ့

မျက်နှာပေါ်မှာ ပေါ်လာတတ်တဲ့ အရေးအကြောင်း၊ ဝက်ခြံတွေက စိတ်ခံစားချက်တွေနဲ့ ဆိုင်ပါတယ်။ ဝက်ခြံထွက်ပြီဆိုတာနဲ့ အဆီပြန်ခြင်းက ဖြစ်ပေါ်လာတာပါပဲ။ ဆက်စပ်နေတာပါ။ ဒီလိုဆိုရင် မိတ်ကပ်လိမ်းတဲ့အခါ မညီညာတာတွေ ဖြစ်လာပြီး ကွက်ပျက်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေ နည်းအောင် ကြိုးစားပါ။ စိတ်ညစ်မခံပါနဲ့။

ကိုက်ညီတာပဲ သုံးပါ

သတို့သမီးလောင်းလေးတို့ လှချင်ဇောနဲ့ အသားအရေထိန်းပစ္စည်းကို သူများညွှန်းတိုင်း မသုံးပါနဲ့။ ကိုယ့်အသားအရေနဲ့ ကိုက်ညီတာကို သုံးပါ။ ရေဓါတ်ကို အဓိက အခြေခံထားတဲ့ ပစ္စည်းတွေကို ပိုသုံးပေးပါ။

ကိုယ့်နည်း ကိုယ့်ဟန်လေးနဲ့ မိတ်ကပ်အစမ်းလိမ်းပါ (Photo: Glossible)

ပေါင်းတင်တာမျိုးလုပ်ပါ

သတို့သမီးလေးတို့ရေ မျက်နှာကို ပေါင်းတင်တာမျိုး၊ ချေးဂျွတ်တာမျိုး ပုံမှန်လေး လုပ်ပေးပါ။ မျက်နှာသွေးလည်ပတ်မှုကောင်းအောင် နှိပ်နယ်တာမျိုး လုပ်ပေးပါ။ သတို့သမီးလေးတို့ အသားအရေအတွက် အိပ်ရေးဝဝ အိပ်ပါ။ လေ့ကျင့်ခန်း လုပ်ပေးပါ။ Gym မဟုတ်ရင်တောင် ပေါ့ပေါ့ပါးပါးလေ့ကျင်ခန်းလေးတွေပေါ့နော်။

မိတ်ကပ်လေး အစမ်းလိမ်းပါ

မိတ်ကပ်ဆရာနဲ့ မဟုတ်ရင်တောင် ကိုယ့်နည်း ကိုယ့်ဟန်လေးနဲ့ မိတ်ကပ်အစမ်းလိမ်းပါ။ မိတ်ကပ်ရဲ့အနေအထားကို သိရအောင်ပါ။ ကြာကြာခံလား၊အရင်ကထက် မိတ်ကပ်သား ညှက်လားပေါ့။ ဒါဆိုရင် ကိုယ့်အသားအရေနဲ့ မိတ်ကပ်လိုက်ဖက်မှုကိုလည်း သိလာနိုင်ပါတယ်နော်။

From Marry with


Comments

0 comments
Latest video
Community
Latest wedding promotions
Keywords